Tuesday, May 31, 2022

လတ်ဗီးယားနိုင်ငံတွင် စစ်ရေးလေ့ကျင့်ခန်းတစ်ရပ် စတင်ပြုလုပ်လျက်ရှိခြင်း

 

Eng.lsm.lv;May-31(Tue)

              ပိုလန်နှင့် ဘောလ်တစ်နိုင်ငံများပူးပေါင်းပါဝင်သည့် လေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်ဆိုင်ရာလေ့ကျင့်ခန်းတစ်ခုဖြစ်သော Ramstein Legacy 2022 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား လတ်ဗီးယားနိုင်ငံ၊ အော်ဂါရ်(Ogre)ခရိုင်ရှိ လေတပ်အခြေစိုက် စခန်းတွင် မေလ ၃၀ ရက်မှ ဇွန်လ ၆ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း လတ်ဗီးယား နိုင်ငံပိုင်သတင်းဌာနက မေလ ၃၁ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးပေါင်းစပ်ဆောင်ရွက်မှု (Integrated Air and Missile Defence-IAMD) ဆိုင်ရာလေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပြီး  NATO အဖွဲ့ဝင် ဘောလ်တစ် နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား လေကြောင်းရန်ကာကွယ်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း NATO တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါသည်။ လေ့ကျင့်ခန်းအား ပိုလန်၊ လစ်သူရေးနီးယား၊ အက်စတိုးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့၏နယ်မြေများနှင့် လေပိုင်နက်တွင် တစ်ပြိုင်တည်း လေ့ကျင့်ဆောင်ရွက်မည်ဖြစ်ပါသည်။  

              Ramstein Legacy 2022 စစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန်၊ အီတလီနှင့် ချက်သမ္မတနိုင်ငံတို့မှ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် လတ်ဗီးယား လေတပ်၊ ယန္တရားတင်ခြေလျင်တပ်မဟာနှင့် လုံခြုံရေးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၃၀၀ ခန့်လည်း ပါဝင်လေ့ကျင့်မည်ဖြစ်ပါသည်။ ထို့ပြင် NATO တပ်ဖွဲ့မှ  RBS-70STINGER အမျိုးအစား ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် AVENGER အမျိုးအစား တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အသုံးပြုလေ့ကျင့်မည်ဖြစ်ပါသည်။ စစ်ရေးလေ့ကျင့်ခန်း အား နေ့အချိန်တွင်သာမက ညအချိန်တွင်ပါ လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုးစစ်အသွင်ကျွမ်းကျင်မှုဆိုင်ရာအဆင့်များနှင့် သဏ္ဌာန်တူပစ်ခတ်စဉ်ပါ တိုက်ပွဲဝင် လေ့ကျင့်မှုများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်နေစဉ် အတွင်း အသံဆူညံမှုများနှင့် မီးခိုးငွေ့ထွက်ခြင်းများဖြစ်ပေါ်လာနိုင်သော်လည်း ပြည်သူ များ၏ကျန်းမာရေးကို အန္တရာယ်မဖြစ်စေနိုင်ကြောင်း လတ်ဗီးယားကာကွယ်ရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment