Wednesday, May 25, 2022

ဆီးရီးယားနယ်စပ်တစ်လျှောက် စစ်ဆင်ရေးဆောင်ရွက်မည့် တူရကီ၏အစီအစဉ်များ အပေါ် အမေရိကန်က စိုးရိမ်ပူပန်လျက်ရှိခြင်း

 

Reuters;May-25(Wed)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တူရကီ နိုင်ငံတောင်ပိုင်း၌ စစ်ဆင်ရေးသစ်များဆောင်ရွက်သွားမည့်အစီအစဉ်သည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေပြီး ၎င်းဒေသရှိ အမေရိကန်တပ်ဖွဲ့များအပေါ် အန္တရာယ် ဖြစ်စေနိုင်သည့်အတွက် အမေရိကန်နိုင်ငံအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း Reuters သတင်းဌာနက မေလ ၂၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆီးရီးယား မြောက်ပိုင်း၌ပြုလုပ်သွားရန် အလားအလာရှိသည့် စစ်ရေးလှုပ်ရှားမှုများသည် ၎င်းဒေသရှိ ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်လျက် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက် (Ned Price) က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှု များကြောင့် နိုင်ငံတောင်ပိုင်းနယ်စပ်တစ်လျှောက်၌ပြုလုပ်မည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံအနေဖြင့် အသိအမှတ်ပြုသော်လည်း ၎င်းထိုးစစ်ဆင်မှုများ ကြောင့် ဒေသတွင်းတည်ငြိမ်ရေးကို ပိုမိုထိခိုက်စေမည်ဖြစ်သည့်အပြင် အစ္စလာမ္မစ် စစ်သွေးကြွတပ်ဖွဲ့ (ISIS) များအပေါ်တိုက်ခိုက်နေသည့်  အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ များ၏ စစ်ဆင်ရေးဆောင်ရွက်ချက်များအပေါ်တွင်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။  

          တူရကီနိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ တောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် စစ်ဆင်ရေး အသစ်များကို မကြာမီစတင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းဒေသများရှိ အကြမ်းဖက် ခြိမ်းခြောက်မှုများကို နှိမ်နင်းရန်အတွက် ဘေးကင်းဇုန်များဖန်တီးသွားမည်ဖြစ်ကြောင်း အာဒိုဂန်က မေလ ၂၂ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီ၏ အဆိုပါစစ်ဆင်ရေးသည် ကာ့ဒ်အလုပ်သမားပါတီ (PKK) မှခွဲထွက်သွားသည့် ဆီးရီးယားအခြေစိုက် ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPG) ကိုပါဖြိုခွင်းရန် ရည်ရွယ်ထားသည့်အတွက် ဆီးရီးယား မြောက်ဘက်ပိုင်းသို့လည်း ပစ်မှတ်ထားလုပ်ဆောင်နိုင်ဖွယ်ရှိပါသည်။ တူရကီစစ်ဘက် သည် ၂၀၁၆ ခုနှစ်မှစ၍ ဆီးရီးယားမြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်မှု ()ကြိမ် ပြုလုပ်ခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားကာ့ဒ်ပြည်သူ့စစ် (YPG) များအား အဓိကပစ်မှတ်ထားသည့်စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ပါသည်။ တူရကီ နိုင်ငံသည် PKK နှင့် YPG အဖွဲ့ ၂ ခုလုံးအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော်လည်း ၎င်း၏ NATO မဟာမိတ်နိုင်ငံများသည် PKK တစ်ဖွဲ့တည်း ကိုသာ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment