Sputnik;May-10(Tue)
လတ်တလောနှစ်များအတွင်း အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ကာလတိုမူဝါဒ များ၏ လွှမ်းမိုးမှုကို ခံနေရသည်ဖြစ်ရာ ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ အခြေခံစံနှုန်း တန်ဖိုးများမှ သွေဖည်ကင်းကွာသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယူကရိန်းစစ်ပွဲသည် ဥရောပသမဂ္ဂ၏သမိုင်းကို ပြန်လည်ရေးသားရမည့်အချိန်ဖြစ် ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မေလ ၉ ရက်တွင် ဝေဖန်ပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့(EU)သို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် ၁၉၈၇ ခုနှစ်တွင် တရားဝင်လျှောက်ထားခဲ့သော်လည်း ၁၉၉၉ ခုနှစ် ရောက်ရှိမှသာ အီးယူအဖွဲ့ဝင်နိုင်ငံလောင်း (Candidate Country) အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရ ပါသည်။ ထိုသို့ အသိအမှတ်ပြုခံရပြီး ၆ နှစ်အကြာ ၂၀၀၅ ခုနှစ် ရောက်ရှိမှသာလျှင် အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို စတင်နိုင်ခဲ့ပါသည်။ သို့သော် အဆိုပါဆွေးနွေးညှိနှိုင်းမှုများသည်လည်း တိုးတက်မှုတစ်စုံတစ်ရာမရှိဘဲ ရပ်တန့်နေခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင်မူ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုအားလုံး ရပ်ဆိုင်းသွားခဲ့ရပါသည်။ တူရကီအစိုးရအနေဖြင့် မီဒီယာ လွတ်လပ်ခွင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဖိနှိပ်မှုများပြုလုပ်ကြောင်း ဥရောပ သမဂ္ဂကစွပ်စွဲခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့သော် ၂၀၂၂ ခုနှစ်၊ မတ်လနှောင်းပိုင်းတွင် တူရကီသမ္မတ အာဒိုဂန်က ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ ပြန်လည်ပြောဆိုလာခဲ့ပြီး တူရကီနိုင်ငံအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ထိုက်တန်မှု ရှိကြောင်း ပြောဆိုခဲ့ပါသည်။ အာဒိုဂန်အနေဖြင့် ထိုကဲ့သို့ပြောဆိုလာခဲ့ခြင်းမှာ ဥရောပသမဂ္ဂတာဝန်ရှိသူများအနေဖြင့် ယူကရိန်းနိုင်ငံအား အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် လိုလိုလားလားတိုက်တွန်းပြောကြားခြင်း၊ ကိယက်ဗ်မြို့တော်သို့ သွားရောက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးနှင့်တွေ့ဆုံပြီး အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရာတွင် မဖြစ်မနေဖြေဆိုရသည့်မေးခွန်းများ (Questionnarie) ကို လက်ရောက်ပေးအပ်ခြင်းနှင့် ယူကရိန်းနိုင်ငံအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းတို့ကြောင့်ဖြစ်ပါသည်။ တူရကီနိုင်ငံအနေဖြင့် အီးယူအဖွဲ့ဝင်ဖြစ်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းပယ်ထား ခဲ့ပြီး အဖွဲ့ဝင်ဖြစ်ခွင့်ရရန် တရားဝင်လျှောက်ထားခြင်းပင်မရှိသေးသည့် ယူကရိန်း နိုင်ငံအား ဥရောပသမဂ္ဂသို့ဝင်ရောက်ခွင့်ပြုရန် လုပ်ဆောင်နေခြင်းများသည် အီးယူ တာဝန်ရှိသူများအနေဖြင့် Double Standard ဖြင့် ပြုမူလုပ်ဆောင်နေခြင်းကို ဖော်ပြလျက်ရှိပါသည်။ လက်ရှိအခြေအနေများအရ ဥရောပသမဂ္ဂနှင့် တူရကီအကြား ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာစေနိုင်ပြီး ဥရောပသမဂ္ဂသို့ တူရကီနိုင်ငံဝင်ရောက်ခွင့် ရရှိရေးသည်လည်း မသေချာမရေရာမှုများနှင့်သာ ရင်ဆိုင်ရဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment