Friday, May 27, 2022

တူရကီနှင့် ပြင်သစ်သမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြခြင်း

 

Xinhua;May-27(Fri)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် မေလ ၂၆ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက မေလ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ငြိမ်းချမ်းရေးရရှိရန်လိုလားလျက်ရှိကြောင်းနှင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရရှိရန် အတွက် သံတမန်ရေးနည်းလမ်းအားအသုံးပြု၍ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားရန် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အား တိုက်တွန်းပြောကြားထားကြောင်း အာဒိုဂန်က မက်ခရွန်အား ပြောကြားခဲ့သည်ဟု တူရကီသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။   

              တူရကီနိုင်ငံအနေဖြင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုအပေါ် ကန့်ကွက်ထားကြောင်းနှင့် ထိုသို့လုပ်ဆောင်ရခြင်းမှာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကာဒစ်စတန်အလုပ်သမားပါတီ (Kurdistan Workers Party-PKK) နှင့်ပတ်သက်၍ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ ရပ်တည်ချက်ကြောင့် ကန့်ကွက် ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါသည်။ ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့သည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန် မေလ ၂၅ ရက်တွင် တူရကီနိုင်ငံသို့ ၎င်းတို့၏ကိုယ်စားလှယ်အဖွဲ့များအား စေလွှတ်ခဲ့ ပါသည်။ တူရကီနိုင်ငံ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် တိကျခိုင်မာသည့်လမ်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များကို တူရကီသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin) က တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။  

No comments:

Post a Comment