Dailysabah; May-6 (Fri)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmunael Macron) တို့သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပါအဝင် တူရကီ-ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ မေလ ၅ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Dailysabah သတင်းဌာနက မေလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း သမ္မတ အာဒိုဂန်သည် တူရကီ-ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်မှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး သံတမန်ရေးနည်းလမ်းဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ အဆုံးသတ်စေရေးအတွက် ဆက်လက်ကူညီထောက်ပံ့ပေးသွားရန် ပြောကြားခဲ့ကြောင်း တူရကီဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ NATO အဖွဲ့ဝင်ဖြစ်သည့် တူရကီနိုင်ငံသည် ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိသည့်အတွက်ကြောင့် တူရကီအစိုးရအနေဖြင့် ရုရှား-ယူကရိန်းအကြား အပစ်အခတ် ရပ်စဲနိုင်ရေး ခေါင်းဆောင်များအဆင့် ငြိိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပ ပေးရန် ကမ်းလှမ်းထားကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။
ရုရှား-ယူကရိန်း ကိုယ်စားလှယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ပြီးခဲ့သည့် မတ်လ ၂၉ ရက်တွင် တူရကီနိုင်ငံ၊ မြို့တော် အစ္စတန်ဘူလ် (Istanbul) ၌ ကျင်းပခဲ့ပြီး ၎င်းဆွေးနွေးမှုများအတွင်း တိုးတက်ကောင်းမွန်သော ရလဒ်များရရှိခဲ့ပါသည်။ ထိုသို့ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဆွေးနွေးပွဲများဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးမှု၏ အရေးပါမှုကိုလည်း သမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့နောက် ၎င်းသည် သမ္မတ မက်ခရွန်အား ပြီးခဲ့သည့်ဧပြီလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ထပ်မံအနိုင်ရရှိခဲ့မှုအပေါ် ဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ အဆိုပါ တယ်လီဖုန်းဆွေးနွေးမှုသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် သမ္မတ မက်ခရွန် ရွေးကောက်ပွဲ၌ ထပ်မံအနိုင်ရရှိခဲ့ချိန်မှစ၍ နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမ ဆုံးသော ဆွေးနွေးမှုတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment