Anadolu Agency;May-13(Fri)
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ NATO သည် ဥရောပဒေသအနှံ့တွင် အကြီးစား စစ်ရေးလေ့ကျင့်ခန်းများ ကျင်းပပြုလုပ်လျက်ရှိကြောင်း မေလ ၁၃ ရက်တွင် ပြောကြား ခဲ့သည်ဟု Anadolu သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရုတ်ခြည်းတုံ့ပြန်ရေး (Swift Response) နှင့် ဥရောပကာကွယ်ရေး (Defense Europe) ဟု အမည်ပေးထားသော အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်း ၂ ခုကို ပိုလန်နိုင်ငံနှင့် အခြားသောမဟာမိတ်အဖွဲ့ဝင် ၈ နိုင်ငံတို့တွင် နိုင်ငံပေါင်း ၂၀ မှ တပ်ဖွဲ့ဝင် ၁၈,၀၀၀ ဦးခန့်ဖြင့် ကျင်းပပြုလုပ်လျက် ရှိကြောင်း NATO အဖွဲ့က ပြောကြားခဲ့ပါသည်။ ထို့အတူ Hedgehog စစ်ရေးလေ့ကျင့်ခန်းကို အက်စတိုးနီးယားနိုင်ငံတွင် အမေရိကန်ရေတပ်မှ Wasp အတန်းအစား ကမ်းတက် စစ်ဆင်ရေးရေယာဉ်အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ဦးတို့ဖြင့် လည်းကောင်း၊ Iron wolf စစ်ရေးလေ့ကျင့်ခန်းကို လစ်သူရေးနီးယားနိုင်ငံတွင် ဂျာမနီ Leopard တင့်ကား ၂ စီးအပါအဝင် မဟာမိတ်တပ်ဖွဲ့ဝင် ၃၀၀၀ ဦးနှင့် ယာဉ် ၁,၀၀၀ စီးခန့် ဖြင့်လည်းကောင်း ကျင်းပပြုလုပ်လျက်ရှိပါသည်။ အထက်ပါစစ်ရေးလေ့ကျင့်ခန်းများသည် ရုရှား-ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပေါ်ခဲ့ သည့် ဖေဖော်ဝါရီလ ၂၄ ရက်မတိုင်မီကတည်းကပင် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း NATO အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အိုနာလူဂျက်စ်ကူ (Oana Lungescu) က ပြောကြားခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းများသည် အဖွဲ့ဝင်နိုင်ငံများအား ခြိမ်းခြောက်မှု ရန်မှကာကွယ်ရန် NATO အဖွဲ့အနေဖြင့် ခိုင်မာစွာအသင့်ရှိနေကြောင်း ပြသခြင်းဖြစ်သည့် အပြင် မဟာမိတ်နိုင်ငံများ၏ နယ်မြေပိုင်နက်ကို ခုခံကာကွယ်ရန်နှင့် ခုခံကာကွယ်ရေး အတွက် ဖြေရှင်းဆုံးဖြတ်ရာတွင် မှားယွင်းတွက်ချက်မှု၊ သို့မဟုတ် နားလည်မှုမှားယွင်းခြင်း တို့ကို ဖယ်ရှားရာ၌ အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
NATO မဟာမိတ်အဖွဲ့သည် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူရေးနီးယား နိုင်ငံတို့အပြင် ဂျာမနီနိုင်ငံတွင် Wettiner Heide NATO တုံ့ပြန်ရေးတပ်ဖွဲ့ စစ်ရေး လေ့ကျင့်ခန်းအား တပ်ဖွဲ့ဝင် ၇,၅၀၀ ဦးဖြင့်လည်းကောင်း၊ မြေထဲပင်လယ်တွင် NATO ၏ ကွပ်ကဲမှုဖြင့် USS Harry S. Truman လေယာဉ်တင်သင်္ဘောအုပ်စု၏ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခန်းအားလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဥရောပ၏ ဘက်ပေါင်းစုံလေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး စစ်ရေးလေ့ကျင့်ခန်းကို ဘောလ်တစ် နိုင်ငံများဖြစ်သည့် အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့က အခြားသောနိုင်ငံ ၂၃ နိုင်ငံတို့နှင့်အတူ ဘောလ်တစ်ဒေသတစ်လျှောက်တွင် ဇွန်လ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ NATO မိတ်ဖက်နိုင်ငံများဖြစ်သည့် ဖင်လန်နှင့် ဆွီဒင် နိုင်ငံတို့သည်လည်း လာမည့်သီတင်းပတ်များတွင် NATO မဟာမိတ်အဖွဲ့နိုင်ငံများနှင့် အတူ စစ်ရေးလေ့ကျင့်ခန်းများကို ပြုလုပ်မည်ဖြစ်ပါသည်။ လက်ရှိတွင် အမေရိကန်၊ ဗြိတိန်၊ အက်စတိုးနီးယားနှင့် လတ်ဗီးယားတပ်ဖွဲ့ဝင်များသည် Arrow 22 အမည်ရှှိ စစ်ရေးလေ့ကျင့်ခန်းကို ဖင်လန်နိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းတွင် UK Challenger တင့်ကား ၂ စီးနှင့် US Stryker သံချပ်ကာတိုက်ခိုက်ရေးယာဉ်များပါဝင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ NATO စစ်ရေးမဟာမိတ်အဖွဲ့အနေဖြင့် ဥရောပဒေသတစ်လျှောက်တွင် စစ်ရေး လေ့ကျင့်ခန်းများ အဆက်မပြတ်ကျင်းပနေခြင်းသည် ကာလရှည်ကြာ စီစဉ်ထားခဲ့သော လေ့ကျင့်ရေးအစီအစဉ်အား လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ သို့ရာတွင် NATO အဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများသည် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားချိန်နှင့် တိုက်ဆိုင်လျက်ရှိ ပါသည်။ ထို့ပြင် ဥရောပဒေသရှိ NATO အဖွဲ့ဝင်နိုင်ငံများ၌ နေရာအနှံ့စစ်ရေးလေ့ကျင့်မှု များသည် ရုရှား၏လုံခြုံရေးကို သွယ်ဝိုက်ခြိမ်းခြောက်ရာရောက်သည့်အတွက် ရုရှား-NATO ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment