Xinhua;May-26(Thu)
တူရကီနိုင်ငံသည် နိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ပိုင်နက် နယ်မြေကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံ၏တောင်ပိုင်းနယ်စပ်ဒေသ၌ ကာ့ဒ်သူပုန် နှိမ်နင်းမှုစစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် အဆိုပါစစ်ဆင်ရေးများပြုလုပ် ခြင်းသည် အိမ်နီးချင်းနိုင်ငံများ၏ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ပစ်မှတ်ထား ဆောင်ရွက်ခြင်းမဟုတ်ကြောင်း တူရကီအမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု Xinhua သတင်းဌာနက မေလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ဦးဆောင်ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် အကြမ်းဖက်အုပ်စုများအဖြစ်သတ်မှတ်ခြင်းခံထားရသည့် ဆီးရီးယား နိုင်ငံရှိ ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers’ Party-PKK) နှင့် ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Kurdish People’s Protection Units-YPG) ကဲ့သို့ အကြမ်းဖက် အုပ်စုများအား တိုက်ဖျက်ချေမှုန်းရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီးနောက် အထက်ပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
အဆိုပါစစ်ဆင်ရေးသည် တူရကီနိုင်ငံ၏ တောင်ပိုင်းနယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀ အကွာတွင် စစ်မဲ့ဇုန်တည်ဆောက်နိုင်ရေးအတွက် တူရကီစစ်ဘက်က လုပ်ဆောင်လျက်ရှိသည့်အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်းနှင့် ကျန်ရှိနေ သေးသည့် ဧရိယာများကိုလည်း နယ်မြေရှင်းလင်းမှုဆိုင်ရာစစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါသည်။ တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များအပေါ် ၂၀၁၆ ခုနှစ်တွင် Euphrates Shield စစ်ဆင်ရေး၊ ၂၀၁၈ ခုနှစ်တွင် Olive Branch စစ်ဆင်ရေး၊ ၂၀၁၉ ခုနှစ်တွင် Peace Spring စစ်ဆင်ရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် Spring Shield စစ်ဆင်ရေး တို့အား ပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးများသည် အကြမ်းဖက်တိုက်ခိုက်မှုများကို ဖယ်ရှားရန်နှင့် ဆီးရီးယားဒုက္ခသည်များ ၎င်းတို့၏နေရပ်သို့ ပြန်လည်သွားလာရာတွင် အဆင်ပြေချောမွေ့စေမည့် စစ်မဲ့ဇုန်တစ်ခုတည်ဆောက်နိုင်ရန် ရည်ရွယ်ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment