Tuesday, May 24, 2022

တူရကီနိုင်ငံသည် တောင်ပိုင်းနယ်နိမိတ်လုံခြုံရေးအတွက် စစ်ဆင်ရေးဆောင်ရွက်မှု များ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း

 

DailySabah; May-24 (Tue)

              တူရကီနိုင်ငံသည် ဒေသတွင်းရှိ အကြမ်းဖက်ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် အတွက် ၎င်း၏တောင်ပိုင်းနယ်စပ်တစ်လျှောက်၌ စစ်ဆင်ရေးဆောင်ရွက်မှုအသစ်များကို မကြာမီစတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မေလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် ဆီးရီးယားနှင့် တူရကီနယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀ (မိုင် ၂၀) အကွာတွင် ဘေးကင်းဇုန်များဖန်တီးရေးအတွက် ကြိုးပမ်းမှုများပြန်လည်စတင်ရန် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီးတွင် ပြုလုပ်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

          တူရကီနိုင်ငံသည် တောင်ဘက်တွင် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ ၎င်းနယ်နိမိတ်များ၌ ကာဒ့်စစ်သွေးကြွတပ်ဖွဲ့များ သည် အကြမ်းဖက်အခြေစိုက်စခန်းများတည်ဆောက်ကာ ဒေသခံများ၏လုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်စေသည့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် တူရကီနိုင်ငံ၏ တောင်ပိုင်းနယ်စပ်တစ်လျှောက်၌ စစ်ဆင်ရေးအသစ်များကို မကြာမီ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံသည် ၂၀၁၆ ခုနှစ်မှစတင်၍ အကြမ်းဖက်လမ်းကြောင်းများ ဖော်ဆောင်ခြင်းကို တားဆီးနိုင်ရန်နှင့် ဒေသခံများငြိမ်းချမ်းစွာအခြေချနေထိုင်နိုင်စေရန် အတွက် ဆီးရီးယားမြောက်ပိုင်း၌ Euphrates Shield (2016) Olive Branch (2018) နှင့် Peace Spring (2019) အမည်ရှိ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး ၃ ခုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပြုလုပ်မည့် စစ်ဆင်ရေးသည် တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနှင့် တူရကီနယ်စပ်တစ်လျှောက် ကီလိုမီတာ ၃၀  (မိုင် ၂၀) အကွာတွင် ဘေးကင်းဇုန်များဖန်တီးရေးအတွက်လည်း ဖြစ်ပါသည်။ တူရကီ နိုင်ငံ၏ စစ်ဆင်ရေးဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံ၏နယ်နိမိတ်လုံခြုံရေးမှာ ပိုမိုခိုင်မာ လာစေနိုင်ပြီး ကာဒ့်စစ်သွေးကြွတပ်ဖွဲ့များကိုလည်း အကြီးအကျယ်ထိုးနှက်နိုင်မည် ဖြစ်သည်။ ၎င်းအပြင် ဒေသတွင်းအကြမ်းဖက် စင်္ကြံတည်ဆောက်ခြင်းကို တားဆီးနိုင် စေပြီး ဒေသတွင်းတည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment