Friday, May 13, 2022

တူရကီနှင့် ကာဇက်စတန်တို့သည် မောင်းသူမဲ့လေယာဉ်များပူးတွဲထုတ်လုပ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

 

Hurriyet Daily News;May-14(Sat)

              

                    တူရကီလေကြောင်းအာကာသစက်မှုလုပ်ငန်း (The Turkish Aerospace Industries-TUSAS) သည် ANKA မောင်းသူမဲ့လေယာဉ်များအား ကာဇက်စတန်နိုင်ငံ၌ ပူးတွဲထုတ်လုပ်နိုင်ရန်အတွက် ကာဇက်စတန်နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ (Kazakhstan Engineering) နှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း Hurriyet Daily News သတင်းဌာနက မေလ ၁၄ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါသဘောတူညီချက်တွင် နည်းပညာလွှဲပြောင်းမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ပြုပြင်ရေးဝန်ဆောင်မှုများပါဝင်ကြောင်း TUSAS က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကာဇက်စတန်နိုင်ငံသည် တူရကီနိုင်ငံ၏ ပြင်ပတွင် ANKA မောင်းသူမဲ့လေယာဉ်များ ပထမဆုံးထုတ်လုပ်မည့် အခြေစိုက်စခန်းတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ TUSAS အနေဖြင့် အဆိုပါမောင်းသူမဲ့လေယာဉ်များအား ကာဇက်စတန်နိုင်ငံသို့ တင်ပို့ရေးသဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။

    အထက်ပါသဘောတူညီချက်သည် ကာဇက်စတန်နိုင်ငံတွင် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးနည်းပညာစွမ်းရည်များ တိုးတက်လာစေရန်အတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်းလည်း TUSAS က ပြောကြားခဲ့ပါသည်။ ဒေသတွင်းကာကွယ်ရေးနှင့် လေကြောင်းလုပ်ငန်းများကို အထောက်အကူပြုမည့် အဆိုပါသဘောတူညီချက်သည် ကာဇက်စတန်နိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေးအပါအဝင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တစ်ရပ်ကိုလည်း ခိုင်မာလာစေမည်ဖြစ်ကြောင်း TUSAS အထွေထွေမန်နေဂျာ တီမဲလ် ကိုတေးလ် (Temel Kotil) က ပြောကြားခဲ့ပါသည်။ TUSAS သည် လေကြောင်းနှင့် အာကာသစက်မှုလုပ်ငန်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၁၀၀ အတွင်း၌ ပါဝင်လျက်ရှိပါ သည်။ ANKA မောင်းသူမဲ့လေယာဉ်၏ တောင်ပံသည် ၁၇.၅ မီတာနှင့် အရှည် ၈.၆ မီတာ ရှိပြီး အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်နှင့် အနုတ် ၅၄ ဒီဂရီစင်တီဂရိတ်ကြားတွင် ကောင်းစွာ ပျံသန်းနိုင်မည်ဖြစ်ကာ မိုးရွာခြင်း၊ နေရောင်ခြည်နှင့် အအေးဒဏ်တို့ကိုလည်း ခံနိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။  

သုံးသပ်ချက်

       တူရကီ၏လုံခြုံရေးမူဝါဒသည် ၁၉၉၀ ပြည့်နှစ်မှစတင်ကာ ဒေသတွင်း အင်အားကြီး အနေအထားတစ်ခုရရှိရန်နှင့် အရှေ့အလယ်ပိုင်းမှ ပေါ်ပေါက်လာသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်နိုင်ရန်ဖြစ်ပါသည်။ ထို့ကြောင့် တူရကီသည် ဒေသတွင်း ကိုယ်ပိုင်နည်းပညာများပိုင်ဆိုင်နိုင်ရေးအတွက် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစတင်ကာ ကြိုးပမ်းလာခဲ့ပါသည်။ လက်ရှိတွင်လည်း တူရကီအနေဖြင့် ANKA အမည်ရှိ မောင်းသူမဲ့ လေယာဉ်များအား ကာဇက်စတန်နိုင်ငံ၌ ပူးတွဲထုတ်လုပ်နိုင်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ တူရကီနှင့် ကာဇက်စတန်တို့အကြား ချုပ်ဆိုခဲ့သည့် သဘော တူညီချက်သည် ဒေသတွင်းကာကွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအပါအဝင် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးတစ်ရပ်ကိုလည်း ခိုင်မာလာစေမည်ဖြစ်ပါသည်။ ထို့ပြင် တူရကီ နိုင်ငံသည် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ထုတ်လုပ်ရောင်းချမှုကဏ္ဍတွင်လည်း ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်စေရေး ရည်မှန်းချက်ထားလုပ်ဆောင်သည့်အနေဖြင့် အထက်ပါ အတိုင်း သဘောတူညီချက်တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ နှစ်နိုင်ငံ အကြားချုပ်ဆိုခဲ့သည့် ကာကွယ်ရေးသဘောတူညီချက်နှင့် တင်ပို့ရောင်းချရေးသဘော တူညီချက်မှတစ်ဆင့် ကာဇက်စတန်နိုင်ငံ၏ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးနည်းပညာ စွမ်းရည်များ တိုးတက်လာစေမည်ဖြစ်သည့်အပြင် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များကိုလည်း ယခုထက်ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

No comments:

Post a Comment