Fox News; May-31(Tue)
ဂရိနိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများသည် တူရကီနိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီ (Nationalist Movement Party) ဥက္ကဋ္ဌ ဒဲ့ဘလက်ဘက်ချာလီ (Devlet Bahceli) က မေလ ၃၁ ရက်တွင် အခိုင်အမာပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တူရကီနှင့် ဂရိနိုင်ငံအကြား မြေပြင်၊ ရေပြင်၊ ဝေဟင်ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်နေချိန်တွင် ဂရိနိုင်ငံသည် ၎င်းနိုင်ငံ၏ ကာကွယ်ရေးမဟာဗျူဟာအရ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့၏ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း တူရကီနိုင်ငံ သည် ရုရှားနိုင်ငံမှ ဒုံးကျည်ကာကွယ်ရေးစနစ်သစ်များကို ထပ်မံဝယ်ယူရန် ကြိုးပမ်း လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံ၏ F-16 တိုက်လေယာဉ်များကိုလည်း ဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဂရိအစိုးရသည် တူရကီ၏ ရုရှား လိုလားသည့် ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟူသော ထောက်ပြပြောဆိုမှု နှင့်အတူ အမေရိကန် အထက်လွှတ်တော်အမတ်များအား တူရကီနိုင်ငံ၏ လက်နက် ဝယ်ယူရေး အဆိုပြုချက်များပယ်ချရန် အကြုံပြုပြောဆိုခဲ့ပါသည်။ ထို့နောက် တူရကီ အစိုးရသည် ဂရိနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးဖော်ဆောင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု များကို ရပ်တန့်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံအတွင်း အမေရိကန် အခြေစိုက်စခန်း ၃ ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခွင့်၊ လေကျင့်မှုနှင့် စစ်ဆင်ရေးပြုလုပ်ခွင့် များရရှိခဲ့သည့် အမေရိကန်-ဂရိ ၅ နှစ်တာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်အပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ အမေရိကန် နိုင်ငံသည် ၎င်းတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားနိုင်မည့် အခွင့်အရေးကို အသုံးချခဲ့ပါက တူရကီနိုင်ငံအပေါ် ဖိအားပေးမှုများနှင့် မြေထဲပင်လယ်အရှေ့ပိုင်းကို ထိန်းချုပ် စောင့်ကြပ်မှုများ ပြုလုပ်လာနိုင်မည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဂရိနိုင်ငံအပေါ် အမေရိကန်၏စစ်ရေးအရ ယုံကြည်အားထားနေမှုကို တူရကီနိုင်ငံအနေဖြင့် ပြင်းထန်စွာ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခကာလအတွင်း ဒေသတွင်း နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာ နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment