Yahoo; May-29 (Sun)
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခများ တစ်ဟုန်ထိုးမြင့်တက်နေချိန်တွင် ဆားဘီးယား သမ္မတ အလက်ဇန္ဒားဘူစစ် (Aleksandar Vucic) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် မေလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် တယ်လီဖုန်းပြောဆိုမှု အတွင်း ရုရှားနိုင်ငံနှင့် သဘာဝဓာတ်ငွေ့သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆားဘီးယားသမ္မတသည် ရုရှား၏ ယူကရိန်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့မှုအပေါ် အတိအလင်းရှုတ်ချရန် ငြင်းဆိုထားသည့်အပြင် ဆားဘီးယားသည် ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရုရှားလိုလားသော အမျိုးသားရေးဝါဒီဟောင်းတစ်ဦးဖြစ်သည့် သမ္မတ ဘူစစ်သည် ဆားဘီးယားနိုင်ငံအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ရှိစေလို သော်လည်း ကာလရှည်မဟာမိတ်ဖြစ်သည့် ရုရှားနှင့် ဆက်ဆံရေးခိုင်မြဲစေရေးအတွက်သာ လုပ်ဆောင်ခဲ့ပါသည်။ အလားတူ ဆားဘီးယားနိုင်ငံသည် ရုရှားဓာတ်ငွေ့အပေါ် လုံးလုံးလျားလျားမှီခိုနေရပြီး ၎င်း၏ အဓိကစွမ်းအင်ကုမ္ပဏီများမှာလည်း ရုရှား လူမျိုးအများစု၏ ပိုင်ဆိုင်မှုအောက်တွင်သာ ရှိနေပါသည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင်စတင်ခဲ့သည့် ရုရှား၏ ယူကရိန်းအပေါ် စစ်ဆင်ရေး ဆောင်ရွက်မှုကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုသည် ရုရှားစွမ်းအင်အပေါ် မှီခိုအားထားနေရမှုကို အလျင်အမြန်လျှော့ချလာသကဲ့သို့ ရုရှားနိုင်ငံအနေဖြင့်လည်း ဖင်လန်၊ ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံများသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုကို ဖြတ်တောက် ထားခဲ့ပါသည်။ ရုရှား၏ စစ်ရေးအရတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတွင် ဆိုးရွားသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း သမ္မတ ဘူစစ်နှင့် အခြားသောဆားဘီးယားခေါင်းဆောင်များသည် ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုများတွင်ပါဝင်ရန် အနောက်နိုင်ငံများ၏ ဖိအားပေးမှုအပေါ် လက်ခံခြင်းမရှိ ကြပေ။ ဘူစစ်၏ သမ္မတသက်တမ်း ၁၀ နှစ်အတွင်း ရုရှားလိုလားသော ဝါဒဖြန့်မှု အောက်တွင် ဆားဘီးယားနိုင်ငံသည် ရုရှားနိုင်ငံဘက်သို့ ထောက်ခံမှုတဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး နိုင်ငံအတွင်းရှိ နိုင်ငံသားအများစုသည်လည်း ဥရောပသမဂ္ဂထက် ရုရှားနိုင်ငံနှင့် ပေါင်းစည်းမှုမျိုးကိုသာ ပိုမိုလိုလားလျက်ရှိကြောင်း စစ်တမ်းကောက်ယူ မှုများက ဖော်ပြထားသည်ဟု သိရှိရပါသည်။
No comments:
Post a Comment